မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားသမားများ စခန်းသွင်း လေ့ကျင့်နေမှုအား ကြည့်ရှုအားပေး

မကွေး  နိုဝင်ဘာ ၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့နံနက်ပိုင်းက မကွေးခရိုင် အားကစားကွင်း၌ နေပြည်တော်တွင် ကျင်းပမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်၌ မကွေးတိုင်းဒေသကြီးမှ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင် အားကစားသမားများ စခန်းသွင်းလေ့ကျင့် ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး မိုးလုံ လေလုံ အားကစားခန်းမ၌ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပိုက်ကျော်ခြင်းဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအားလည်းကောင်း၊ ခရိုင်အားကစားကွင်းအတွင်း ဘောလုံး၊ ဖူဆယ်၊ အလေးမနှင့်ပြေးခုန်ပစ် အားကစားသမားများ လေ့ကျင့်ဆောင်ရွက်နေမှုများအားလည်းကောင်း ကြည့်ရှုအားပေးကာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အားကစားမောင်မယ်များအနေနဲ့ မိမိတိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်တဲ့အားကစားသမားများဖြစ်အောင် ကြိုးစားလေ့ကျင့် ပြိုင်ပွဲဝင်ကြဖို့၊ တိုင်းဒေသကြီး လက်ရွေးစင်အဆင့်မှ နိုင်ငံ့လက်ရွေးစင်အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးစားကြရန်နှင့်အားပေးစကားများပြောကြားပြီး၊ အားကစားသမားများအား အားကစားလေ့ကျင့်ရေးသုံး ပစ္စည်းများ၊ ဆေးဝါးနှင့် အာဟာရ စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့သည်။

၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ဒီဇင်ဘာလ (၉)ရက်နေ့မှ (၂၀)ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပသွားမှာဖြစ်ပြီး ပဉ္စမ အကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြုအနေဖြင့် ဘောလုံး၊ ပြေးခုန်ပစ်၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ ဖူဆယ်စသည့် အားကစားနည်းများအပါအဝင် အားကစားနည်း(၂၃)မျိုးမှာ တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမား(၄၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ပြီး၊အားကစားသမားများအား အားကစားနည်းများအလိုက် စခန်းသွင်း လေ့ကျင့်ဆောင်ရွက်လျက်ရှိကာ၊ အားကစားနည်းအလိုက် ရွှေတံဆိပ်(၈)ဆု ရရှိနိုင်ဖို့ မျှော်မှန်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

မောင်ညီညာ