ငါးသိုင်းချောင်း နိုဝင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့မရပ်ကွက်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်အတွင်းရှိ ရေအထိုင်ငုပ်များအား လိုက်လံစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲထက်အောင်၊ မြို့မီးသတ်လက်ထောက်ဦးစီးမှုးဦးဝင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်တွင်းရှိ ရေအထိုင်ငုပ်များနှင့်တကွ လူနေအိမ်များအတွင်း မီးလောင်၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့အတွက် လျှပ်စစ်မီးသွယ်တန်း သုံးစွဲနေမှုအခြေအနေများ၊ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိ ဆောင်ရွက်ထားမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး၊ မီးစနစ်တကျ ဂရုပြုသုံးစွဲရေး၊ သဲအိတ်၊ ရေအိတ်များ၊ မီးချိတ်၊ မီးကပ်များ စနစ်တကျထားရှိရေးနှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါကသက်ဆိုင်ရာ မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရန်တို့ကိုပါ လိုက်လံစစ်ဆေးပြောကြားခဲ့ကြောင်းသိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)