ဖြူးမြို့နယ်၊ ခင်ဝိုင်းကျေးရွာမူလတန်းလွန်ကျောင်း၌ လူငယ်ရေးရာဟောပြောပွဲနှင့်  စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

ဖြူး နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းအခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတများရရှိစေရေး၊  ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများရရှိစေရေးအတွက် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက ညောင်ကားယားကျေးရွာအုပ်စု၊ ခင်ဝိုင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်  စာဖတ်ရှိန်မြှင့်တင်ရေး သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေးဟောပြော၍ ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများက KG တန်း၊ မူလတန်းအရွယ်ကလေးငယ်များအား ပုံပြင်ပြောအစီအစဉ်များ ဆောင်ရွက်ပေးခဲ့ကြသည်။

အလားတူသုံးဘီးဆိုင်ကယ်ဖြင့် ကလေးစာပေများအား ဖတ်ရှုစေခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)