ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက် ကုသိုလ်ပြုလောင်းလှူ

ပြည် နိုဝင်ဘာ ၈

ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၃ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက စေတီတော်ရင်ပြင်၌ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကုသိုလ်ပြုလောင်းလှူပူဇော်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးတို့က နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၇ ရက်နေ့အထိ ၁၀ ရက်တိုင်ကျင်းပမည့် ပြည်ရွှေတံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၃ နှစ်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက ကြွရောက်လာသည့် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် သံဃာတော်(၁၀၈)ပါးတို့ထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် ပရိဝုဏ်အတွင်းရှိ ဘုရားသိမ်အဟောင်းအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူမပျက်အမြန်ဆုံး ပြင်ဆင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ကိုဆက်(ပြန်/ဆက်)