ကျိုက်ထို နိုဝင်ဘာ ၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ - ၂၀၂၅ ခုနှစ် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ချေးငွေထုတ်ချေးရာတွင် ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးသန်းထွန်းက ယခုနှစ်တွင် ထုတ်ချေးပေးသည့် ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများအား သတ်မှတ်ထားသည့်ကာလတွင် အပြေအကျေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်းနှင့် ချေးငွေ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ်အတွက် ပေးဆပ်ရန်ကျန်ရှိသော တောင်သူများအနေဖြင့် အမြန်ဆုံးပေးဆပ်ကြရန်မှာကြား၍ အပြေအကျေပေးဆပ်ပြီး တောင်သူများအား ချေးငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက်ကျိုက်ထိုမြို့နယ်အတွင်း အပြေအကျေပေးဆပ်ပြီးတောင်သူ (၄၃၅) ဦးအား ဆောင်းစပါးသီးနှံအတွက် တစ်ဧကလျှင်ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် စပါး (၃၃၂) ဧကအတွက် ငွေကျပ်ပေါင်း (၄၉၈) သိန်းနှင့် ပဲမျိုးစုံဧက (၅၅၀၂) ဧကအတွက်တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် (၅၅၀၂) သိန်းကျပ်တို့အားလျာထားကာယနေ့တွင် ကျိုက်ထိုမြို့နယ် စွပ္ပနူးကျေးရွာမှ ပဲမျိုးစုံစိုက်တောင်သူ (၄၁) ဦးအား စိုက်ပျိုးဧက (၂၃၄) ဧကအတွက်ငွေကျပ် (၂၃၄) သိန်းကို လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ဆောင်းသီးနှံ စိုက်ပျိုးတောင်သူစုစုပေါင်း (၇၅၀) ဦးမှ စိုက်ဧက (၅၈၃၄) ဧကရှိရာထုတ်ချေးရန် လျာထားငွေကျပ်သိန်းပေါင်း (၆၀၀၀) ကျပ် အားလျာထားပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလကုန်ထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ဝင်းမောင်(ကျိုက်ထို)