မော်လမြိုင် နိုဝင်ဘာ ၅
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် စာဖတ်ရှိန် မြှင်တင်ရေးပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၃ ရက်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မော်လမြိုင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေကကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်နိုင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထိုနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ အဆင့်မြင့်ကျောင်းများမှပူးပေါင်း၍ ကူညီဆောင်ရွက်ပေးကြရန်၊ ဓါတ်ပုံပြခန်းများ၊ ဌာနဆိုင်ရာများ၏ အသိပညာပေးပြခန်းများကိုလည်း ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးဝင်းဇော်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပူးပေါင်းဆောင်ရွက်ကြရမည့် ကျောင်းများအား စိစစ်ရွေးချယ်၍ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အထက်တန်းနှင့် အလယ်တန်းကျောင်းအုပ်ဆရာမကြီးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
မော်လမြိုင်ခရိုင် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလတွင် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပွဲတော်တွင် အထက်တန်းအဆင့် စကားရည်လုပြိုင်ပွဲ၊ အလယ်တန်းအဆင့်ကျပန်းစကား ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ၊ မူလတန်း(လွန်)အဆင့် ပုံပြင်ပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ် ပြိုင်ပွဲများအပြင် ပျော်ရွှင်ဖွယ် အားကစားပြိုင်ပွဲများ၊ဖျော်ဖြေရေး အစီအစဉ်များ၊ ဌာနဆိုင်ရာပြခန်းများ၊ ဓာတ်ပုံ ပြပွဲ၊ စာအုပ်ပြပွဲများ၊ ထည့်သွင်းပြသသွားမည်ဖြစ်ကြောင်းသိရသည်။
ခင်စန်းမြင့်ပြန်/ဆက်