ပေါင် နိုဝင်ဘာ ၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက (အ.လ.က) သဲဖြူကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်မိယဥ်ယဥ်မွန်က မိမိဘဝတိုးတက်မှု ရရှိလာအောင် စာများများဖတ်ကြပါရန်၊ အရွယ်မရောက်သေးသည့် ကလေးငယ်များအား မတရားအလုပ်စေခိုင်းမှုမှ ကာကွယ်ရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူကုန်ကူးမှု၏ ဆိုးကျိုးများကို ကျောင်းသား/ကျောင်းသူများက လိုက်နာဆောင်ရွက်ကြရန် ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးကြည်စိုးက ကျေးဇူးတင်စကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရန် ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများ၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့် ပတ်သက်သည့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်း သိမှတ်ဖွယ်ရာများ စသည့် အသိပညာပေး နံရံကပ်စာစောင်များ ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)