မုဒုံ အောက်တိုဘာ ၃
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဆီထွက်သီးနှံ (နေကြာ) ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီရေးအတွက် ယနေ့နံနက်ပိုင်းက ကွမ်တာ၊ ကော့ခပုံ(ရွာဟောင်း) ကျေးရွာများရှိ တောင်သူများနှင့် တာဝန်ရှိသူများက တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယမြို့နယ်ဦးစီးမှူး ဒေါ်ငွေမှီက ဒေသတွင်းစားရေရိက္ခာဖူလုံစေပြီး တောင်သူများအချိန်တိုအတွင်း အကျိုးအမြတ် ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို စိုက်ပျိုးရာသီမတိုင်မီ တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လျာထားနေကြာ စိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့အပြင် တောင်သူများ၏ လိုအပ်သောစပ်မျိုးနေကြာ မျိုးစေ့များကို ဌာနအနေဖြင့် လုံလောက်စွာ စုဆောင်းထားပြီး မျိုးစေ့များပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာ သွင်းအားစုများကို သက်သာသည့် စျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရာသီတွင် အပွင့်မပွင့်မီ ရေသွင်းစိုက်ပျိုးနိုင်ရန်နှင့် တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)