ပေါင် အောက်တိုဘာ ၁
မွန်ပြည်နယ်၊ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက်( ၁၀ ) နာရီက ပေါင်မြို့နယ် (အ.ထ.က) ဇင်းကျိုက် ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) ဇင်းကျိုက်ကျောင်းမှမြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က) ဇင်းကျိုက်ကျောင်း မှ Grade - 11 ကျောင်းသူ မအေးသဇင်ဖူးက လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade - 11 ကျောင်းသူ မအိမ့်ဖူးဇင်က လူငယ်နှင့်ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသားမောင်အာကာမိုးက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 ကျောင်းသား စောဝီရနိုင်က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 ကျောင်းသား စောသီဟစင်ကြယ် လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြပြီးကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့ပြီး (အ.ထ.က) ဇင်းကျိုက်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ် မြင့်ဌေးကကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယနေ့ကျင်းပသော လူငယ်စကားဝိုင်း သို့ (အ.ထ.က) ဇင်းကျိုက် ကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၃၅၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)