စလင်းမြို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

စလင်း စက်တင်ဘာ ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက် (၉) နာရီအချိန်မှ  စတင်ကာ ကျေးရွာအုပ်စု (၃) အုပ်စုတို့မှ တောင်သူ (၃၈၉) ဦးအား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။ စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ချေးငွေကျန်မရှိသူများကို အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခဲ့ရာ မိုးစပါးတစ်ဧကလျှင် ချေးငွေကျပ်(၁၅၀၀၀၀) နှုန်းဖြင့် အခြားသီးနှံ တစ်ဧကလျှင် (၁၀၀၀၀၀) ကျပ်နှုန်းဖြင့် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ်  မိုးရာသီ၌  မေလ ဒုတိယအပတ်မှ စတင်ကာ စလင်းမြို့နယ်အတွင်းရှိ၊ ကျေးရွာအုပ်စု (၄၇) အုပ်စုတို့မှ တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြု ဆောင်ရွက်နိုင်ကြစေရန် တောင်သူ (၃၇၀၄) ဦး၊ စိုက်ပျိုးဧက (၁၆၉၃၆)  ဧကမှ၊ စပါး (၁၅၁၅၄) ဧက၊ နှမ်း (၇၇၂) ဧက၊ ပဲတီစိမ်း(၁၀၁၀) ဧကအတွက် ချေးငွေကျပ် (၂၄၅၁၃၀၀၀၀၀) သိန်းအား ထုတ်ချေပေးနိုင်ခဲ့ကြောင်း ယနေ့နံနက်ပိုင်းတွင် တောစိမ့်ကျေးရွာအုပ်စုမှ တောင်သူ (၂၁၁) ဦး၊ တမာချောင်ကျေးရွာအုပ်စုမှ တောင်သူ(၇၆)ဦး၊ ရွာမကောကျေးရွာအုပ်စုမှ တောင်သူ (၁၀၂) ဦးတို့အား ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ကျန်ရှိနေသေးသည့်၊ ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

(မောင်လွင်) စလင်း