သထုံခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများပြုလုပ်

သထုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေးနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ယနေ့နံနက်ပိုင်းက သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက်၏ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြ‌သည်။

အသိပညာပေး ဟောပြောရာတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ကျောင်းသူ‌ကျောင်းသားများ ယဉ်ကျေးလိမ္မာရေး၊ အချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဟော‌ပြောဆွေးနွေးသည်။

ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးရဲညွန့်ထွေးက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်များ၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ဂေဟစနစ်ထိခိုက်မှုဖြစ်စဥ်များနှင့် ဂေဟစနစ်များ ကောင်းမွန်အောင် ပူးပေါင်းကာကွယ်ကြရေး၊ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်စဉ်များ၌ မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများစသည်တို့ကို ဆွေးနွေးဟောပြောကြရာ ကျောင်းသားကျောင်းသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသူကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် စာအုပ်စာစောင်များ၊ ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ မူးယစ်‌ဆေးဝါးအန္တရာယ် သတိပြုကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်