ပွင့်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ကြီးအုံကြီးဝတမံအတွင်း ရေဝင်ရောက်မှုရှိခဲ့ရာ ယနေ့နံနက် ၇ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၃ ဒသမ ၆ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံးသိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအတွက် (နွေ ၊ မိုး ၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေအတွက် အကျိုးပြုပေးလျက်ရှိသည်။ ယခုရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တမံအတွင်း မိုးရေများဝင်ရောက်ခဲ့ရာ တမံရေပြည့်မှတ်အထက် ရေပိုလွှဲမှ ၃ ဒသမ ၆ ပေခန့် ရေကျော်ကျလျက်ရှိကြောင်း၊ ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျမှုများရှိသော်လည်း တမံအောက်ဘက်ရှိ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် တမံနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေများကို တမံအောက်ဘက်ရှိ ဒေသခံပြည်သူများ ကြိုတင်သိရှိနိုင်ရန်အတွက် တမံရေကင်းတာဝန်ခံဦးစီးအရာရှိ ဦးထွန်းလွင်နှင့် ဦးစိုးတင့်တို့၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက (၂၄)နာရီ ရေကင်းတာဝန်များကို အလှည့်ကျစနစ်ဖြင့် စောင့်ကြပ်ကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ အစိမ်းရောင်အလံများ စိုက်ထူ၍ အချိန်နှင့် တစ်ပြေးညီ အသိပေး၊ သတိပေးနှိုးဆော်ခြင်းများ ထုတ်ပြန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)