ပေါက်ခေါင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ပြည်-ပေါက်ခေါင်းကားလမ်းရှိ တောင်ဇင်းဝတောင်တန်းမြေပြိုကျပြီး သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက အချိန်မီဖယ်ရှားရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုကျေးရွာအုပ်စုနှင့် ဗောဓိကုန်းကျေးရွာအုပ်စုကြား တောင်ဇင်းဝတောင်တန်း ပြည် - ပေါက်ခေါင်းကားလမ်းမ မိုင်တိုင်အမှတ် (၁၆ / ၀) နှင့် (၁၆ / ၁)အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြို၍ လမ်းဘေးသစ်ပင် (၁) ပင်လဲကျကာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ပွားရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်ဦးစီး၍ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြတ်မင်းသူနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးမှူး ဦးမျိုးသူအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကပစ(၁၉)မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများမှ ဘတ်ဟိုးယာဉ်ဖြင့် ပြိုကျသည့်မြေကြီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ လဲကျပိတ်ဆို့သည့်သစ်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များက ဖြတ်တောက်ရှင်းလင်းခြင်းများကို ပူးပေါင်းဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီအချိန်တွင် ခရီးသွားပြန်ပြည်သူများ ကားလမ်းပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပြီး၊ ဖြစ်စဉ်ကြောင့် လူ၊ ပစ္စည်း ထိခိုက်မှုမရှိကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)