အုတ်တွင်း စက်တင်ဘာ ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက်(၁၀)နာရီအချိန်ကအ.လ.က(ခွဲ)ယန္တရားနှင့် မွန်းလွဲ(၁) နာရီအချိန်က အ.ထ.က(ဗောဓိကုန်း)ကျောင်းများသို့အသိပညာ ပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်မူမူဝင်းက ကျောင်းသား/ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာဆိုင်ရာအသိပညာပေးအကြောင်းအရာများဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ခင်မာက စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများအကြောင်းရှင်းလင်းပြောကြားခဲ့ပြီး ကလေးများအား ကိုယ်ကာယဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများရရှိစေရန်ရည်ရွယ်ကာ ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်၍ ကလေးငယ်များအား ရုပ်ပုံစာအုပ်၊ စက္ကူပြဇာတ်၊ ဘုတ်ပြားပြဇာတ်များဖြင့် ပုံပြင်ပြောပြခြင်းများဆောင်ရွက်ခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအသိပညာပေးနံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ခင်ခင်မာ(ပြန်/ဆက်)