မုဒုံ စက်တင်ဘာ ၁၀
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မြို့အနီးအနားဝန်းကျင်နှင့် ကျေးလက်ဒေသများတွင် ဖူးစားပြောင်းများ စိုက်ပျိုးမှုဖြစ်ထွန်း၍ စျေးကောင်းရရှိကာ တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။
ဖူးစားပြောင်းသီးနှံများကို မိုးရာသီ (မိုးပြောင်း)နှင့် ဆောင်းရာသီ (ဆောင်းပြောင်း) များဖြင့် နှစ်ရာသီ စိုက်ပျိုးကြ၍ စိုက်ဧက ၂၁၇ ဧကကို မြို့နယ်အတွင်း၌ စိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့် သကြားပြောင်းမျိုးနှင့် ကောင်ညှင်းပြောင်းမျိုးများကို တောင်သူများက အများဆုံးစိုက်ပျိုးကြပြီး သကြားပြောင်းကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ဖူးစားပြောင်းသီးနှံ အထွက်နှုန်းတိုးတက်မြင့်မားရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဖူးစားပြောင်း စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်အားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၁၀ သိန်းခန့် ကုန်ကျ၍ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ဖူးစားပြောင်း ၈၀၀၀ ကျော်ထွက်ရှိရာ အမြတ်အနေဖြင့် တစ်ဧကလျှင် ၁၈ သိန်းကျပ်ခန့်ရရှိကြောင်း ဖူးစားပြောင်းစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။
မုဒုံမြို့နယ်ဒေသထွက် ဖူးစားပြောင်းများကို ဒေသပေါက်စျေး တစ်ဖူးလျှင် ၃၀၀ ကျပ်မှ ၆၀၀ ကျပ်အထိ စျေးကောင်းရရှိကာ မြို့ပေါ်စျေးများအပြင် မော်လမြိုင်မြို့ပေါ်ရှိ သီးနှံဒိုင်များသို့ တင်ပို့ရောင်းချရကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)