ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က “မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား (၂၃)ကြိမ်မြောက်မှစ၍ စုစည်းမှုကောင်းကောင်းဖြင့် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပ၍ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာအောင် ခရိုင်အဆင့်မှ စတင်ကာ ပြိုင်ပွဲကျင်းပပေးခဲ့သည့် ခရိုင်များမှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ယခုပြိုင်ပွဲမှတဆင့် ဗဟိုအဆင့်တွင် အောင်မြင်မှုရရှိရန် စခန်းသွင်းလေ့ကျင့်ခြင်း ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ယခင်နှစ်ထက် ပိုမိုကြိုးစားယှဉ်ပြိုင်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပညာရှင်များအား အကောင်းဆုံး အကဲဖြတ်ရွေးချယ်ပေးပါသော ဝါရင့်အကဲဖြတ် အနုပညာရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်လည်း တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်ခဲ့သည့်အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်ဗဟိုအဆင့်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ပါစေကြောင်း” အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါသနာရှင် ပထမတန်းနှင့် ဝါသနာရှင် ဒုတိယတန်း (အမျိုးသား)၊  အဆင့်မြင့်ပညာ(အမျိုးသား)၊ အခြေခံပညာ(၁၅-၂၀)(အမျိုးသား)၊ အခြေခံပညာ(၁၀-၁၅) (အမျိုးသား)မဟာဂီတ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊  ဝါသနာရှင် ဒုတိယတန်း(အမျိုးသား) တစ်ဦးချင်းအကပြိုင်ပွဲ၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား) ရုပ်သေးကြိုးဆွဲ၊ ဝါသနာရှင်ပထမတန်း (အမျိုးသား) ကွက်စိပ်ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် အကပြိုင်ပွဲဝင်များအားလည်းကောင်း၊ ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်း၊  အဆင့်မြင့်ပညာ အရေးပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်း(အမျိုးသား)ဒုံမင်း၊  အခြေခံပညာ(၁၀-၁၅)နှင့်(၁၅-၂၀) (အမျိုးသား)ဂီတာ၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား)၊ စန္ဒယား၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား)အိုးစည်အဖွဲ့လိုက်၊ ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်း(အမျိုးသား) ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ အဆိုဒိုင်ချုပ်၊ အရေးဒိုင်ချုပ်၊ အတီးဒိုင်ချုပ်နှင့် ခရိုင်အလိုက် အကဲဖြတ်ဒိုင်များ၊ ကျေးလက်ရိုးရာအကအဖွဲ့၊ ချင်းတိုင်းရင်းသားရိုးရာအကအဖွဲ့နှင့် ရုပ်စုံသဘင်အဖွဲ့တို့အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးက ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်း(အမျိုးသမီး)မဟာဂီတ၊ အဆင့်မြင့်ပညာ(အမျိုးသမီး)မဟာဂီတ၊ အခြေခံပညာ(၁၅-၂၀)နှင့် (၁၀-၁၅)(အမျိုးသမီး)မဟာဂီတပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ ဝါသနာရှင်ပထမတန်းနှင့် ဒုတိယတန်း(အမျိုးသမီး)ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲတွင် ဆုရရှိသူများအား လည်းကောင်း၊ အခြေခံပညာ(၁၀-၁၅)ကဗျာလွတ်အကနှင့် (၁၅-၂၀)(အမျိုးသမီး) တစ်ဦးချင်းအက ပြိုင်ပွဲများတွင် ပထမဆုရရှိသူများလည်းကောင်း၊ အခြေခံပညာ(၁၅-၂၀) အရေးပြိုင်ပွဲတွင် ပထမဆုရရှိသူအားလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသမီး)တယော၊ ဝါသနာရှင်ပထမတန်း (အမျိုးသမီး)ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသမီး)ဂီတာနှင့် အခြေခံပညာ (၁၀-၁၅)(အမျိုးသမီး) ဒုံမင်းဝါသနာရှင် ဒုတိယတန်း(အမျိုးသမီး)ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် အတီးပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က အခြေခံပညာ(၁၅-၂၀)(အမျိုးသမီး)ခေတ်ဟောင်း/ကာလပေါ်၊ ဝါသနာရှင် ဒုတိယတန်း(အမျိုးသမီး) အမျိုးဂုဏ်/ဇာတိဂုဏ်ပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ ဝါသနာရှင် ပထမတန်း (အမျိုးသမီး) မဟာဂီတအဆိုပြိုင်ပွဲများတွင် ဒုတိယနှင့် တတိယဆုရရှိသူများအားလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား) မဟာဂီတအဆိုပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ အဆင့်မြင့်ပညာ၊ အခြေခံပညာ(၁၅-၂၀)နှင့် (၁၀-၁၅) တစ်ဦး ချင်းအကပြိုင်ပွဲများတွင် ပထမဆုရရှိသူများအားလည်းကောင်း၊ ဝါသနာရှင်ဒုတိယတန်း အရေးပြိုင်ပွဲတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအားလည်းကောင်း၊ အခြေခံပညာ(၁၀-၁၅)(အမျိုးသမီး) ဆိုင်းတစ်ဦးချင်းတွင် ပထမဆုရရှိသူအားလည်းကောင်း၊ အခြေခံပညာ(၁၅-၂၀) (အမျိုးသား)ဒိုးပတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အဖွဲ့အားလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီးနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက  (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိသူများကို  ဆုများအသီးသီး ဆက်လက်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် တံခွန်စိုက်တတိယဆုရရှိသည့် မအူပင်ခရိုင်၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်နှင့် ပထမဆုရရှိသည့် ပုသိမ်ခရိုင်တို့အား ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲတွင် ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ယခုလ(၃)ရက်နေ့မှ (၉)ရက်နေ့အထိ ကျင်းပခဲ့ပြီး  အဆိုပြိုင်ပွဲဝင်(၁၃၃)ဦး၊ အကပြိုင်ပွဲဝင်(၂၈၁)ဦး၊ အရေးပြိင်ပွဲဝင်(၁၆)ဦး၊ အတီး ပြိုင်ပွဲဝင်(၃၁၁)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင် (၇၄၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)