ကြို့ပင်ကောက် စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေခလာငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မေခလာငွေစုငွေချေး သမဝါယမအသင်းဥက္ကဋ္ဌမှ အသင်းဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကိုအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသန်းဌေးက အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ မြို့နယ်ပညာရေးမှူးကိုယ်စား ဦးစီးအရာရှိ ဦးသန်းနိုင်စိုးက ငွေစုငွေချေးသမဝါယမအသင်း ရေရှည်တည်တံ့ရေးဆိုင်ရာ စည်းကမ်းချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အသင်းမှတာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် အမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းတို့ကို ဖတ်ကြားတင်ပြခဲ့ကာ အသင်းသားများ၏ အတည်ပြုချက်ရယူခဲ့ကြပြီး မေခလာငွေစုငွေချေး ပညာရေးသမဝါယမအသင်းမှ အသင်းသား ၃၀၀ ၏ စုဆောင်းငွေအပေါ်ရရှိမည့် အတိုး ၁၈၉၈၀၀၀ နှင့် အဆုအပေါ်အမြတ် ၈၀၈၀၀၀ ကျပ်တို့ကို အသင်းသားများအား စနစ်တကျခွဲဝေပေးခဲ့ကြောင်း အဆိုပါ မေခလာငွေဆုငွေချေးသမဝါယမအသင်းသည် နှစ်ပေါင်း ၃၀ သက်တမ်းရှိပြီဖြစ်ကြာင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)