ပန်းတနော်မြို့နယ် အ.ထ.က (မရမ်း) ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပန်းတနော်၊ စက်တင်ဘာ ‌၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၁၀) နာရီက  အ.ထ.က (မရမ်း) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုမောင်က ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် လူငယ်စကားဝိုင်းမှ အသိဉာဏ်ပညာ  ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်စေရေး၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ  တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် အ.ထ.က (မရမ်း)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့် ယဉ်ကျေးမှု၊  လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စည်းကမ်းစသည့်ခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး သိရှိလိုသည်များကိုမေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် အ.ထ.က(မရမ်း) ကျောင်းရှိ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ လူကုန်ကူးမှုအန္တရာယ် တိုက်ဖျက်ရေး အသိပညာပေး၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ် ဗီနိုင်းပိုစတာများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျော်သူအောင်(ပြန်/ဆက်)