ကြံခင်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် လူငယ်များ အချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်-(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ကျော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (အ.ထ.က-၁)ကျောင်းမှ ကျောင်းသား/သူများက “ပညာပန်းခင်း”သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီးနောက်၊ မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးက အဖွင့်အမှာစကား ပြောရာတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးတိုးတက်စေရေးအတွက် အနာဂါတ်ခေါင်းဆောင်များ ဖြစ်လာမည့်ကျောင်းသား/သူများက အသိပညာ၊ အတတ်ပညာ ဗဟုသုတများဖြင့် ပြည့်စုံကြဖို့ လိုအပ်သဖြင့် စာပေလေ့လာဖတ်ရှုကြပြီး တိုးတက်အောင်မြင်သောလူငယ်များဖြစ်လာစေရေး ကြိုးစားကြရန် ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိဒေါ်ခင်မိုးမြင့်နှင့် သုံးသပ်ဆွေးနွေးသူအဖြစ် (အ.ထ.က-၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်တို့နှင့်အတူ ပါဝင်ဆွေးနွေးကြသော (Grade-11) ကျောင်းသူ မအင်ကြင်းစံက “လူငယ်နှင့် တိုင်းချစ်ပြည်ချစ်စိတ်”၊ (Grade-10)ကျောင်းသူ မအိသန္တာကျော်က “လူငယ်နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး”၊ (Grade-9) ကျောင်းသား မောင်ကျော်ကိုကိုက"လူငယ်နှင့်ယဉ်ကျေးမှု "ခေါင်းစဉ်နှင့် (Grade-7)ကျောင်းသူ မကြယ်စင်သာက “လူငယ်နှင့်Mobile ဖုန်းနည်းပညာ” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက်အခမ်းအနား တက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါအကြောင်းအရာဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့ပြီး၊ တာဝန်ရှိသူများက လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေး၊ မြို့နယ်ဌာနဆိုင်ရာများ၊ အမှတ်(၁) ၊အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၃၅၀)ဦး တက်ရောက်ကြကြောင်းနှင့် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊စာစောင် ပြသထားခြင်းကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)