အထက်မင်းလှ စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မလွန်ကျေးရွာတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဘိန်းအစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံလျှပ်စစ်သံရဟေဆက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မလွန်ကျေးရွာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၂) ဦးစန်းအောင်က အမှာစကားပြောကြားပြီး သင်တန်းတွင်ပို့ချပေးခဲ့သည့် နည်းပညာများအား လေ့လာမှတ်သားပြီး လက်တွေ့အသုံးချ၍ မိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်သွားရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် သရက်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထက်အောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် ပို့ချပေးခဲ့သည့်ဘာသာရပ်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးစန်းအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလင်းထက်အောင်တို့က သင်တန်းတွင်ထူးချွန်ခဲ့သည့် သင်တန်းသားများအား လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးပြီး၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်းသို့ မလွန်ကျေးရွာမှ သင်တန်းသား (၁၀) ဦး တက်ရောက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဇူလိုင်လ (၁၅) ရက်နေ့မှ စက်တင်ဘာလ (၄) ရက်နေ့ထိ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)