မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ

မင်းဘူး ဩဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီး၏ ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ ယနေ့နံနက် (၇) နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)ရပ်ကွက် ကေလာသဖတောင်တော်ပေါ်ရှိ အဆိုပါဘုရားရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော်ကြီးများနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားကို  နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး၊ နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဆရာတော်ကြီးများနှင့် ပင့်သံဃာဆရာတော် အရှင်သူမြတ်များထံမှ ရှစ်ပါးသီလ၊ ပရိတ်တရားတော်နှင့် အနုမောဒနာတရားတော်များ နာယူကြည်ညို၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်ဇနီးတို့က သံဃာတော်အရှင်သူမြတ်များထံ စိန်ဖူးတော် ဆက်ကပ်လှူဒါန်းခြင်း၊ အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းများ ပေးဝေခြင်း၊ သံဃာတော် အရှင်သူမြတ်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရွှေထီးတော်တင်လှူရေးအဖွဲ့ထံသို့ အပ်နှံခြင်းများ ဆောင်ရွက်ခဲ့ကြပြီးနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဒေသခံများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ဆပ်သဖူးတော်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ဟင်္သာမင်းနှင့် ဘုံအဆင့်များအား ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်၌ လက်ယာရစ်သုံးပတ် လှည့်လည်ပူဇော်ခဲ့သည်။

ဆက်လက်ပြီး ရွှေထီးတော်တင်လှူရေးအဖွဲ့မှ ဦးဆောင်၍ မင်းဘူးခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် ဖွဲ့ဝင်များ၊ ဘုရားဂေါပကအဖွဲ့ဝင်များနှင့် အလှူရှင်များက မင်္ဂလာ အောင်အိုးနှင့် ဘုံအဆင့်ဆင့်အား ရထားပျံဖြင့်ပင့်ဆောင်ခြင်း၊ ဆပ်သဖူးတော်၊ ရွှေပန်းခိုင်၊ ငွေပန်းခိုင်၊ ဟင်္သာမင်း၊ ငှက်မြတ်နားတော်နှင့် နောက်ဆုံးအဆင့် စိန်ဖူတော်တို့အား ရထားပျံဖြင့် အဆင့်ဆင့် ပင့်ဆောင်၍ ရွှေထီးတော်အား တင်လှူပူဇော်ခြင်း၊ အရန်စေတီတော်များအား ရွှေထီးတော်နှင့် စိန်ဖူးတော်များ တင်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ရွှေထီးတော်တင်လှူပူဇော်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ် အောင်အတိတ် အောင်နိမိတ် ကြွေးကြော်ခြင်းများ ဆောင်ရွက်ကာ ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့သည်။

ဆက်လက်၍ ပင့်သံဃာဆရာတော်အရှင်သူမြတ်များမှ ဗုဒ္ဓဘိသေက အနေကဇာတင်လှူ ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် မင်းဘူးမြို့ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ အလှူရှင်များနှင့် ဒေသခံများမှ လှူဒါန်းမှုဖြင့် ပဉ္စမအကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပွဲ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တင်လှူပူဇော်ပွဲ အောင်ပွဲမင်္ဂလာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီးနောက် ပင့်သံဃာ ဆရာတော်ကြီးများအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)