ပေါင်းတည် ဩဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဌာနရုံးစုရပ်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကလေးငယ်များ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ကျန်းမာသန်စွမ်းပြီး ရောဂါများကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ၆ လ အရွယ်မှ ၅ နှစ်အောက် ကလေးငယ်များကို ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာ၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့၀င်များနှင့် ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဝန်ထမ်းများက လာရောက်ကြသည့် မြို့ပေါ် ၁၂ ရပ်ကွက်မှ ကလေးမိခင်များအား ဗီတာမင်အေနှင့်သံချဆေးများ တိုက်ကျွေးပေးရခြင်းအကြောင်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားပြီး ကလေးငယ်များကို ကိုယ်အလေးချိန်တိုင်းတာခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်းနှင့် အရပ်တိုင်းတာခြင်းများပြုလုပ်ကာ အသက် ၆ လမှ ၅ နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့်သံချဆေးများကို တိုက်ကျွေး ကြသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနခွဲတွင် လစဉ် မွေးစမှ အသက် ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်တို့အား ကာကွယ်ဆေးများပုံမှန် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်းလည်း သိရသည်။
ရွှေသား(ပြန်/ဆက်)