ဘီးလင်းမြို့ အ.ထ.က(ကန်သာယာ) ၌ စာဖတ်ရှိန်မြှင့်တင်‌ရေး  လူငယ်စကားဝိုင်းပြုလုပ်

ဘီးလင်း    ဩဂုတ်  ၁၃

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဘီးလင်းမြို့၊ အ.ထ.က(ကန်သာယာ) မဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ကန်သာယာ)မှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းသူက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ဆောင်ရွက်ပေးရခြင်းဖြစ်​ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စကားဝိုင်းကိုကျင်းပရာ အ.ထ.က(ကန်သာယာ)မှ Grade(12) ကျောင်းသား မောင်ကိုကိုထွန်းက အစီစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး Grade(12) ကျောင်းသား​ မောင်မျိုးမင်းခန့်၊ Grade(10) ကျောင်းသား မောင်ကျော်လင်းထက်၊ Grade(9) ကျောင်းသူ မ​မြခွာညိုလှိုင်နှင့် Grade(9) ကျောင်းသူ ‌မဟန်နီလွင်တို့က လူငယ်နှင့်စာရိတ္တလူငယ်နှင့်ကျန်းမာရေးလူငယ်နှင့်အာဃာတ”၊ လူငယ်နှင့်ပရဟိတစိတ်ဓာတ်စသည့်ခေါင်းစဉ်တို့ဖြင့် ၎င်းတို့ဖတ်ရှုလေ့လာထားသည့် စာရေးသူ၏ဆိုလိုရင်းနှင့် ၎င်းတို့၏အတွေ့အကြုံများ၊ အတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့် ‌ ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြော‌ကြားခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီးကပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သိမှတ်ဖွယ်ရာနံရံကပ်စာစောင်များကို လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)