ပေါက်ခေါင်း ဩဂုတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်မှ ဩဂုတ်လပထမသီတင်းပတ်အား “မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်” ဒုတိယသီတင်းပတ်အား “ငါးနှစ်အောက်ကလေးနှင့်ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်” ၊ တတိယသီတင်းပတ်အား “ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်” ၊ စတုတ္ထသီတင်းပတ်အား “အိုင်အိုဒင်းချို့တဲ့ရောဂါများပပျောက်ရေးနှင့် အဏုအာဟာရဖြည့်စွက်ရေးလှုပ်ရှားမှုရက်သတ္တပတ်” အဖြစ် လှုပ်ရှားမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ပေါက်ခေါင်းမြို့နယ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအနေဖြင့် မိခင်နို့စနစ်တကျတိုက်ကျွေးနည်းကိုသရုပ်ပြခြင်း၊ အသက် ၅ နှစ်အောက်ကလေးများအား ကိုယ်အလေးချိန်ခြင်း၊ လက်မောင်းလုံးပတ်တိုင်းခြင်း၊ ဗီတာမင်အေတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရဖွံ့ဖြိုးမှုရှိစေရန်ပညာပေးခြင်းနှင့် လက်ဆောင်ပစ္စည်းများပေးခြင်း၊ အိုင်အိုဒင်းချို့တဲ့မှုမရှိစေရန် ကိုယ်ဝန်ဆောင်များအား အသိပညာပေးခြင်းနှင့် (၆) လမှ (၅)နှစ်အတွင်း ကလေးများအား ဗီတာမင်အေတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့်နို့တိုက်မိခင်များအား သံဓာတ်ဆေးပြားနှင့် ဗီတာမင်ဘီဝမ်းဆေးပြား တိုက်ကျွေးခြင်းတို့ပြုလုပ်ခဲ့ပြီး အာဟာရဖွံ့ဖြိုးရေးထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)