အိမ်မဲ သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် (၂) ဒေါက်တာ သန်းဌေးက အဖွင့်အမှာစကား ပြောကြားပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုး ကျော်အောင်က အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများအကြောင်းကို ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ကိုယ်စား အဖွဲ့ဝင် ဒေါ်အိရွှေစင်က အာဟာရပြည့်ဝသော အစားအစာများ စားသောက်ခြင်း အကြောင်းတို့ကို အသိပညာပေး ပြောကြားကာ တာဝန်ရှိသူများက အသက်(၆)လ မှ (၁)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေ (၁)သိန်းအား၊ အသက် (၁)နှစ်မှ (၅)နှစ်ထိ ကလေးငယ်များအား ဗီတာမင်အေ (၂)သိန်းအား၊ အသက် (၂)နှစ်မှ (၅)နှစ် ထိ ကလေးငယ်များအား သန်ချဆေးတို့ကို တိုက်ကျွေးခြင်း၊ စံပြမိခင်ဆုများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား အာဟာရထောက်ပံ့ပစ္စည်းများကို ပေးအပ်ခဲ့သည်။
အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုများအနေဖြင့် ပထမသတင်းပတ်တွင် ကမ္ဘာ့မိခင်နို့ တိုက်ကျွေးရေး ရက်သတ္တပတ်၊ ဒုတိယသတင်းပတ်တွင် ငါးနှစ်အောက်နှင့် ကျောင်းနေအရွယ် ကလေးများ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်၊ တတိယသတင်းပတ်တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်၊ စတုတ္တသတင်းပတ်တွင် အိုင်အိုဒင်းချို့တဲ့မှု ရောဂါပပျောက်ရေးနှင့် အာဟာရဖြည့်စွက်ရေး ရက်သတ္တပတ်များဖြင့် အိမ်မဲမြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးကျော်အောင် ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)