ဟင်္သာတတက္ကသိုလ်တွင် ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များပို့ချခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ဥပဒေပိုင်းဆိုင်ရာ အခြေခံအသိအမြင်များ ပို့ချခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

 အခမ်းအနားတွင် ဟင်္သာတတက္ကသိုလ် ဒုတိယပါမောက္ခချုပ်  ဒေါက်တာ အေးလွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ရာ “ယနေ့ပြုလုပ်သော သင်တန်းသည် ကာလတိုအချိန်လေးအတွင်း နိုင်ငံသူ၊ နိုင်ငံသားတိုင်း သိသင့်/သိထိုက်သော ဥပဒေပိုင်းဆိုင်ရာများကို ပို့ချသွားမည်ဖြစ်သဖြင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် အမှန်တကယ် မှတ်သားလေ့လာသင်ယူကြပါရန်နှင့် မိမိတို့နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရာဇသတ်ကြီးဆိုင်ရာ ဥပဒေအကြောင်းအရာများ၊ ချမှတ်ထားသောဥပဒေနှင့် လိုက်နာကျင့် ကြံနေထိုင်ရမည့် ဆောင်ရန်/ရှောင်ရန်များကို ပို့ချသွားမည်ဖြစ်သည့်အတွက် သိရှိမှတ်သားကြပါရန်နှင့် ဥပဒေဘောင်အတွင်း နေထိုင်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်ကြပါစေကြောင်း" စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတတက္ကသိုလ် ဥပဒေဌာန၊ ဌာနမှူး ပါမောက္ခ ဒေါက်တာ မိုးသူ မှ "Short Lecture Constitution And Election in Myanmar ခေါင်းစဉ်ဖြင့် သင်ကြားပို့ချခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ရီရီသန်း၊ သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ /ဆရာမများ၊ ဟင်္သာတတက္ကသိုလ် ဥပဒေဌာနနှင့် ရူပဗေဒဌာနမှ ကျောင်းသား/သူများ စုစုပေါင်းအင်အား (၅ဝဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင် တန်းအား (၁၂-၈-၂၀၂၄) ရက်နေ့မှ (၁၅-၈-၂၀၂၄) ရက်နေ့ထိ ဟင်္သာတတက္ကသိုလ်၊ အတန်းအသီးသီးမှ ကျောင်းသား/သူများအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)