ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ သြဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းမှု ပိုမိုရရှိစေရန်ရည်ရွယ်၍ မူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေး၊ ကျောင်းသင်ခန်းစာအပြင် စာပေဗဟုသုတ ပြည့်စုံနိုင်စေရေးနှင့် နှုတ်မှုစွမ်းရည် တိုးတက်စေရေးတို့အတွက် ပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အခြေခံပညာမူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ရုံးက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း