ကျွန်းလှမြို့၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအားဆုချီးမြှင့်

ကျွန်းလှ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။

အခမ်းအနားတွင် ၂၀၂၄ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တိုင်းဒေသကြီးအဆင့် ဒုတိယအောင်ချက်အကောင်းဆုံးကျောင်း၊ ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများနှင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပေးကြသည်။

ထို့နောက် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများကိုယ်စား သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် အမှတ်အများဆုံး ပထမရရှိသူ မသင်းသီရိအောင်က ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး ပထမနှင့် သိပ္ပံဘာသာတွဲဖြင့် တိုင်းဒေသကြီးအဆင့် အမှတ်အများဆုံး ပထမရရှိသူတစ်ဦးတို့ပေါ်ထွက်ခဲ့ကြောင်း၊ ဂုဏ်ထူးဖြင့်အောင်မြင်သူ (၁၆) ဦးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)