ဘိုကလေး ဩဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအပါအဝင် ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သော ရောဂါဘယများ ကင်းဝေးစေရေးအတွက် ယနေ့နံနက် (၉) နာရီ အချိန်၌ မြို့နယ်တွင်းရှိ လူနေရပ်ကွက်များ၌ တာဝန်ရှိသူများက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ကြသည်။
ဆောင်ရွက်ရာတွင် မြိုနယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ခြင်မပေါက်ဖွားစေရေးအတွက် လူနေရပ်ကွက်အတွင်းရှိ ရေအိုးများ၊ ရေစည်၊ ရေကန်များအား အဘိတ်ဆေးများခတ်ခြင်း၊ စနစ်တကျ ရေအိုးဖုံးများ ဖုံးစေခြင်း၊ ရေအိုး၊ ရေကန်များမှ ရေဟောင်းများ၊ ဘုရားပန်းအိုးများမှ ရေဟောင်းများ လဲလှယ်ခြင်းနှင့် ရေ၌ပေါက်ဖွားနေသော ပိုးလောက်လန်းများအား စစ်ယူဖယ်ရှားခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)