နတ်မောက် ဩဂုတ် ၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးမြေပဲစီမံကိန်းဝင်တောင်သူများသို့ သွင်းအားစုပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ ပေးအပ်ပွဲသို့ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သွင်းအားစုကိုယ်စားလှယ်များ၊ ဝယ်/ကြိတ်အဖွဲ့ဝင်များနှင့် တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက မိုးမြေပဲစိုက်ပျိုးသည့် တောင်သူဦးကြီးများအား နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သွင်းအားစုပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။ နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ မိုးမြေပဲတစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် ကျေးရွာအုပ်စု (၂)အုပ်စုတွင် မိုးမြေပဲစိုက်ဧက (၃၀၀)အတွက် တောင်သူ(၉၄)ဦးအား သွင်းအားစုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း