ပုသိမ် ဩဂုတ် ၉
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပြည်နယ်နှင့်တိုင်းဒေသကြီး ဖူဆယ်ဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား ပြိုင်ပွဲများကျင်းပ၍ ယှဉ်ပြိုင်လူရွေးချယ်ခြင်းနှင့် နည်းစနစ်တကျစခန်းသွင်းလေ့ကျင့်ခြင်း များကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖူဆယ်ဘောလုံး အားကစားနည်းအနေဖြင့် ဆုတံဆိပ်ရရှိသည့် အစဉ်အလာကောင်းများလည်း ရှိခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် လေ့ကျင့်မှုများကို စဉ်ဆက်မပြတ်ပြုလုပ်ခြင်းဖြင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းအား ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲအတွက်သာမက အမျိုးသားအားကစားပွဲတော်အတွက်ပါ ရည်ရွယ်ဖွဲ့စည်းထားခြင်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ကျန်းမာရေးအားအထူးဂရုပြုနေထိုင်ရန်၊ ပြိုင်ပွဲတွင်ကြိုးစားယှဉ်ပြိုင်၍ အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်သည့် အားကစားသမားများဖြစ်ကြပါစေကြောင်း” အားပေးအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဖူဆယ်ဘောလုံးအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)