စစ်ကိုင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်း သြဂုတ် ၅

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အမျိုးသမီးများ အတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းဖြင့် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို သြဂုတ် (၅) ရက်၊ နံနက်(၁၀) နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။

သင်တန်းဆင်းပွဲတွင် စစ်ကိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆင့်က အမျိုးသမီးများဝင်ငွေတိုးရေးအတွက် သက်ဆိုင်ရာဌာနအနေဖြင့် သင်တန်းကို (၇)ရက်ကြာဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ နည်းပညာများရရှိကြလိမ့်မည်ဟု ယူဆပါကြောင်း၊ ရရှိခဲ့တဲ့နည်းပညာတွေကိုအသုံးချပြီး မိမိတို့မိသားစုအတွက် တစ်ပိုင်တစ်နိုင် လက်တွေ့လုပ်ကိုင်ဆောင်ရွက် သွားကြစေလိုကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကိုလည်း အထောက်အကူပြုပေးနိုင်မှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်း၊ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေး မှူးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးတို့က လုပ်ငန်းသုံးပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်