ငဖဲမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ငဖဲ ဩဂုတ် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ရပ်ကွက်/ကျေးရွာများတွင် လမ်းဘေးဝဲယာများ၌ အမှိုက်များစည်းကမ်းမဲ့စွန့်ပစ်မှုမရှိရေး ကြီးကြပ်ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်၍ ပျက်စီးဆုံးရှုံးမှုများရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြပေးရန်၊ မိုးရာသီစိုက်ပျိုးသီးနှံများ စီမံကိန်းလျာထားချက်ပြည့်မီရေး တွန်းအားပေးဆောင်ရွက်ရန်၊ ကော်ဖီစိုက် တောင်သူဦးရေစာရင်းတိကျစွာ ကောက်ယူတင်ပြရန်နှင့်  စိုက်ပျိုးစရိတ်ချေးငွေများပေးဆပ်ရန်ကျန်ရှိသည့် ကျေးရွာများမှ အကျေပေးဆပ်ကြရေးကိစ္စများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရသည့်ရည်ရွယ်ချက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ရေး၊ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများပေးဆပ်ရန်ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများမှတောင်သူများ အကျေပေးဆပ်နိုင်ရေး၊ ကော်ဖီသီးနှံနှင့် ဝါသီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ လူထုဖြန့်ပျိုးပင်များကို တပ်ရင်းတပ်ဖွဲ့များနှင့်ဌာနဆိုင်ရာများမှ စိုက်ပျိုးနိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်နှင့် လမ်းပန်းဆက်သွယ်ရေးကိစ္စတို့ကို တင်ပြဆွေးနွေးရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)