အုတ်တွင်းမြို့နယ်၌ ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့်ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့်စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်းအသိပညာပေးဆောင်ရွက်

အုတ်တွင်း ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကျောင်းသား/ ကျောင်းသူများအား ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းနှင့် စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းအကြောင်း အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂ ကျောင်းနှင့် မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပဲခူးလမ်းကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးရာတွင် ပဲခူးတိုင်းဒေသကြီး၊ တိုင်းကြက်ခြေနီအသင်းအဖွဲ့ဝင် တတိယတန်းဦးစီးမှူးဦးတေဇာအောင်က မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ မြေမြှုပ်မိုင်းများနှင့်ပေါက်ကွဲနိုင်သော   စစ်လက်နက်အကြွင်းအကျန်များသည်   အလွန်လွယ်ကူစွာပေါက်ကွဲနိုင်ကြောင်း၊ ထိုအရာကိုချဉ်းကပ်ခြင်း၊   ကိုင်တွယ်ခြင်း    မပြုလုပ်ရန်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယတပ်ဖွဲ့မှူးဒေါ်ခင်ဖုန်းမြင့်က ဘေးအန္တရာယ်သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်းအကြောင်းအရာနှင့်ပတ်သက်၍လည်းကောင်း၊  အုတ်တွင်းမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ တပ်ဖွဲ့မှူးဦးစောမင်းလှိုင်က  စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှုသည် ထိခိုက်ခံစားနေရသူများ၏ ဘေးအန္တရာယ်အပေါ်ခံနိုင်ရည်အား ရှိလာအောင်ကူညီပံ့ပိုးပေးနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအားပေးကူညီမှု၏ အ​ခြေခံအချက်လေးချက်၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုလက္ခဏာများ၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုလက္ခဏာများ၊ အရေးပေါ်အခြေအနေကြုံတွေ့ရမည့်ဆုံးရှုံးမှု၊ ရှောင်ရမည့်အချက်များစသည့်အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ တာဝန်ရှိသူများကပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့်  အသိပညာပေးလက်ကမ်းစာစောင်များအား   ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)