ညောင်တုန်းမြို့နယ်တွင် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်တုန်း  ဇူလိုင်  ၂၇

ဧရာတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကညင်ကောက်ကြီးကျေရွာအုပ်စု၊ ရိုးကြီးကျေရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူး ဒေါ်မြင့်ဇူဝင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးဇော်လွင်က အခြေခံစက်ချုပ်သင်တန်းကို နည်းစနစ်တကျ လေ့လာသင်ယူပြီး အသက်မွေးဝမ်းကျောင်းအထောက်အကူပြုလုပ်ငန်းအဖြစ် အကျိုးရှိစွာ အသုံးပြုရန်လိုကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ အခြေခံစက်ချုပ်သင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးအား စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)