စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေ၊ မျိုး၊ ပိုးရုံးဝန်းတွင် မြေဆီလွှာထိန်းသိမ်းရေး နည်းပညာပေးသင်တန်း အခမ်းအနားကျင်းပ

မုံရွာ၊ ဇူလိုင် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းမြေ၊ မျိုး၊ ပိုးရုံးဝန်းတွင် မြေဆီလွှာထိန်းသိမ်းရေး နည်းပညာပေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန ၊ တိုင်းမြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်ထွေးဝင်းက မြေအသုံးချရေးဆိုင်ရာ မြေဆီလွှာထိန်းသိမ်းခြင်း၊ မြေဆီလွှာပြုပြုခြင်းနှင့် မြေဆီလွှာထက်သန်ရေး လုပ်ငန်းများအား သိရှိနားလည်စေရန်၊ အယ်လ်နီညိုရာသီဥတုကြောင့် သီးနှံအထွက်နှုန်းထိခိုက်နိုင်မှု လျော့နည်းစေရန်နှင့် မြေဆီလွှာအစိုဓာတ် ထိန်းသိမ်းထားနိုင်ရေး၊ မြေဆီလွှာကျန်းမာရေး ကောင်းမွန်စေရေး၊ ပေါင်းမြက်နှိမ်နင်းနိုင်ရေးတို့အတွက် မြေဆီလွှာဖုံးအုပ်စိုက်ပျိုးခြင်း နည်းစနစ်များနှင့် အကျိုးကျေးဇူးများကို သိရှိ‌နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန ၊ ဒုတိယတိုင်းဦးစီးမှူး(စီမံ) ဦးထွန်းရှိန်က တောင်သူနည်းပညာပေး လက်ကမ်းစာစောင်များနှင့် EM (အီးအမ်)များကို တာဝန်ရှိသူများ လက်ဝယ်သို့ ပေးအပ်ခဲ့ပြီးနောက် သင်တန်းကို ဆက်လက်ပို့ချပေးခဲ့ရာ တိုင်းမြေအသုံးချရေးတာဝန်ခံ၊ ဒေါ်ခင်ထွေးဝင်းက မြေဆီလွှာဖုံးအုပ်ခြင်းဆိုင်ရာများကို လည်းကောင်း၊ တိုင်းမြေအသုံးချရေးဌာနခွဲ၊ ဦးစီးအရာရှိ ဒေါ်ဖြူဇာဝင်းမှ မြေဆီလွှာထိန်းသိမ်းရေး ဆိုင်ရာနည်းလမ်းများကိုလည်းကောင်း၊ တိုင်းမြေအသုံးချရေးဌာနခွဲ၊ ဒု-လ/ဦးစီးမှူး ဒေါ်အိရတနာထွန်းက သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း (Agroforestry) တို့ကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့သည်။

ထို့နောက် မြေဆီလွှာအစိုဓာတ်ထိန်းသိမ်းရန် သရက်သီးနှံတွင် မြေဖုံးစိုက်ပျိုးခြင်း (Soil Mulching)ကွင်းသရုပ်ပြပွဲအား တက်ရောက်လာသော သင်တန်းသားသင်တန်းသူများကို ရှင်းလင်းပြသခဲ့ရာ စိတ်ပါဝင်စားစွာကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေဆီလွှာထိန်းသိမ်းရေးနည်းပညာပေးသင်တန်းတွင် တိုင်းဒေသကြီးခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများ၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများ စုစုပေါင်း သင်တန်းသား/သင်တန်းသူ (၅၀)ဦးအား သင်တန်းကာလ တစ်ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)