ကျိုက်ထိုမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲပြုလုပ်

ကျိုက်ထို ဇူလိုင် ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ နံနက် (၁၀) နာရီက (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲ၊ စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းအေးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အာဇာနည်နေ့အကြောင်း သိကောင်းစရာများ၊ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိ၊ ကျောင်းသူ‌၊ ကျောင်းသားများအနေဖြင့် ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဆွေးနွေးပြောကြားပြီး အာဇာနည်နေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်ကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)