ကြံခင်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ၊ ထန်းတပင်အုပ်စု၊ ရွှေကျွန်းတောရွာ၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်းမိုင် (၁၂/၀ - ၁၂/၁) လမ်းတာပေါ်သို့ မြစ်ရေ(၃ လက်မခန့်)မြင့်တက်လာမှုကြောင့် ယမန်နေ့ နံနက်ပိုင်းက သဲအိတ်ချခြင်းနှင့် ဖြူ/နီ လမ်းအမှတ် အသားများ စိုက်ထူလျက်ရှိသည်။
အဆိုပါ ဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကြံခင်း - ဆိပ်သာ - အကောက်တောင်လမ်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးအတွက် မြန်မာနိုင်ငံရံတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များက လမ်းဘေးဝဲယာတစ်လျှောက် သဲအိတ်(၉၀၀)ခန့်စီခြင်း၊ ဖြူ/နီ လမ်းပြအမှတ်အသားများ စိုက်ထူခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ကြသည်။
ဧရာဝတီမြစ်ရေကြီးမြင့်လာမှုကြောင့် ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ ယာယီ ရေဘေးရှောင်စခန်း(၄)ခုတွင် အိမ်ထောင်စု (၂၁၂) စု အား ဆန်၊ ဆီ၊ ဆားနှင့်ကြက်ဥများ ထောက်ပံ့ပေးခြင်း နှင့် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)