ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ဒေသခံပြည်သူများ စားသောက်ရေ အဆင်ပြေစေရန် သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်

ပွင့်ဖြူ ဇူလိုင် ၁၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးကြုံတွေ့နေသည့် ကျွဲဒိကျေးရွာအုပ်စု၊  ကူကြီးကျေးရွာ၊ ကြည်ကုန်းကျေးရွာနှင့် ဇေယျာမြိုင်ကျေးရွာရှိ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီက သောက်ရေသန့်နှင့် ခေါက်ဆွဲခြောက်များ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံရပ်မိရပ်များနှင့် ရေဘေးသင့်ပြည်သူများကို တွေ့ဆုံကာ ရေဘေးအန္တရာယ် ကျရောက်စဉ် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ပညာပေးဆွေးနွေး ပြောကြားပြီး စားသောက်ရေး အဆင်ပြေစေရန် (၁) လီတာ သောက်ရေသန့်ကတ် (၁၁၀) ကတ်နှင့် ယံယံခေါက်ဆွဲခြောက် (၄၈) ဖာကို ရေဘေးသင့်ပြည်သူများထံ စနစ်တကျ ခွဲဝေထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီက မြို့နယ်အတွင်း ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်သည့် ကျေးရွာများမှ ဒေသခံပြည်သူများ ရေဘေးအန္တရာယ်နှင့် မြေပြိုဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စားသောက်ရေး အဆင်ပြေစေရန် သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ရေဘေးသင့်ကျေးရွာများမှ ကျွဲ၊ နွား၊ တိရစ္ဆာန်များ ကူးစက်ရောဂါ မဖြစ်ပွားစေရေး ကာကွယ်ဆေးများ အခမဲ့ ကွင်းဆင်းထိုးနှံပေးခြင်းများကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် သဘာဝဘေးအန္တရာယ် လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )