ပဲခူး ဇူလိုင် ၁၇
ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူလေးများ စာအုပ်စာစောင်များ လေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ အ.လ.က(ခွဲ)ဗိုလ်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရာတွင် ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်က ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာနိုင်ကြောင်း၊ စာဖတ်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအား အသိပညာပေးဟောပြောခဲ့ပြီး၊ ရုပ်သံ(၃) ဒေါ်တင်မေအောင်က ရုပ်ပုံပါစာအုပ်များဖြင့် ကျောင်းသား/သူလေးများအား ပုံပြင်များပြောပြခဲ့သည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပဲခူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်စာစောင်များ၊ (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ မူးယစ်ဆေးဝါးအကြောင်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)