ဟင်္သာတ ဇူလိုင် ၁၂
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက ဟင်္သာတမြို့၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာအနီး ဖြတ်တာ(၁-ဂ)ရှိ ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဟင်္သာတမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးအတွက် တာတမံများ ထိန်းသိမ်းကာကွယ်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်က ရေဘေးကာကွယ်ရေး၊ တာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အရ လွှင့်ထူရမည့် သတိပေးအချက်ပြအလံများအား ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့သို့ပေးအပ်ခဲ့ပြီး ဟင်္သာတခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ရေဘေးကာကွယ်ရေးလက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်မှုအဆင့်များကို ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်မင်းဦး ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်ကွန်ရက် လူမှုကူညီရေးအသင်းဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လုပ်သားများမှ ရေဘေးကာကွယ်ရေး၊ တာတမံများ၏အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်များအား ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ရေဘေးကာကွယ်ရေး ဆောင်ရွက်မှုများအား လက်တွေ့သရုပ်ပြခြင်းတို့ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအခမ်းအနားသို့ တက်ရောက်လာကြသောတိုင်းအဆင့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ တိုင်းအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာသူ/သားများ၊ လူမူရေးအသင်းအဖွဲ့များ စုစုပေါင်း(၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)