ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်း ၁၇ ကျောင်း ယာယီပိတ်ထားရ

ရေနံချောင်း ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းများကို ဇူလိုင် ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ စုစုပေါင်း အခြေခံပညာကျောင်း ၁၇ ကျောင်းကို ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားရသည့်ကျောင်းများမှာ  မာန်မြေကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း  ၅ ကျောင်း၊ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း ၅ ကျောင်း၊ ဝက်လွတ်ကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း ၃ ကျောင်း၊ ဝက်မစွတ်ကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း ၁ ကျောင်း၊ ရုံးဆိပ်ကျွန်းကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း ၂ ကျောင်း၊ ဘူးကျွန်းကျေးရွာအုပ်စုမှ အခြေခံပညာကျောင်း ၁ ကျောင်းတို့ဖြစ်သည်။

အဆိုပါကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ရေဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် မြစ်ရေပြန်လည်ကျဆင်းချိန်အထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်းနှင့် မြစ်ရေကျဆင်းချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်ကာ သင်ခန်းစာများနောက်မကျစေရေးအတွက် စာသင်ချိန်များ အစားထိုးပြန်လည် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)