ဟင်္သာတ ဇွန် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဟင်္သာခန်းမ၌ သွေးလွန်တုတ်ကွေး ရောဂါကူးစက်မှု ကြိုတင်ကာကွယ် တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို ဇွန် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာနေခြည်ထက်ထက်လင်းအောင်နှင့် တာဝန်ရှိသူများ၊ ဟင်္သာတမြို့နယ် ခေတ္တမြို့နယ်ပညာရေးမှူး ဦးအောင်စိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းမင်း၊ လက်ထောက်ပညာရေးမှူး ဦးအောင်ကျော်စိုး၊ ဟင်္သာတမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းစုခေါင်းဆောင်များ၊ဆရာ/ဆရာမများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ဆရာကြီးဦးအောင်စိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က သွေးလွန်တုတ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ်တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက သွေးလွန်တုတ်ကွေးရောဂါကူးစက်မှု ကြိုတင်ကာကွယ်တိုက်ဖျက်ရေးနှင့်ပတ်သက်၍ မိမိတို့ပညာရေးဌာနမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းအုပ်ကြီးများ မှသိရှိလိုသည်များကို ပြန်လည်တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)