ကြံခင်းမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုး ကွင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ကြံခင်း ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်း ပြည့်မှီစွာရရှိစေရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့်စိုက်ပျိုး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဘက်ရဲ-ကြံခင်းကားလမ်းမဘေးရှိ တောင်သူဦးသိန်းအေး လယ်မြေတွင်ကျင်းပခဲ့သည်။

အခမ်းအနားသို့ ခရိုင်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့် ကော်မတီဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ ဒေသခံတောင်သူများတက်ရောကိကြပြီး ကွင်းအမှတ်(၅၉)၊ ဦးပိုင်အမှတ် (၃၈)၊ တောင်သူ ဦးသိန်းအေး၏ လယ်မြေ (၂) ဧကပေါ်တွင် ဆင်းသုခအမျိုးအစားမိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် မျိုးစေ့ချကွင်းသရုပ်ပြ စိုက်ပျိုးခြင်းအား ကြည့်ရှုလေ့လာကြသည်။

ထို့နောက် မြန်အောင်ခရိုင်စိုက်တိုးမြှင့်ကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က ဒေသခံတောင်သူများဖြင့် တွေ့ဆုံကာ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီတွင် ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခြင်းအစား မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ပျိုးထောင်မှုကုန်ကျစရိတ်သက်သာသလို၊ စပါးကြဲခင်းစနစ်ပပျောက်စေပြီး၊ ပန်းတိုင်အထွက်နှုန်း ပြည့်မှီစွာရရှိမှာဖြစ်ကြောင်းပြောကြားပြီးနောက်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးသက်နိုင်စိုးက မိုးစပါးမျိုးစေ့ချ (Drum Seeder) စနစ်ဖြင့်ပျိုးထောင်ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့် စိုက်ပျိုးနည်းစနစ် လိုအပ်ချက်နည်းပညာများကို တောင်သူများဖြင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တင်ပြခဲ့ပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားကာ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)