ပုသိမ် ဇွန် ၂၅
မြန်မာအမျိုးသမီးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာတွင် ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ ဇနီး၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့ အခမ်းအနားသည် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် ကျင်းပပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ကျော်အင်အားရှိသည့် အမျိုးသမီးများသည် နိုင်ငံ၏ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ အမျိုးသမီးများ၏ အခွင့်အရေးနှင့် စွမ်းဆောင် နိုင်မှုများကို အလေးထားပြီး Sustainable Development Goals (SDG Goals) နံပါတ်(၅) ဖြစ်သည့် ကျား၊ မ တန်းတူညီမျှမှုရရှိရန်နှင့် အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ၏ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများကို အကောင် အထည်ဖော်ရန်ရည်ရွယ်ပြီး မြန်မာအမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ(၃)ရက်နေ့တွင် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ်တွင် ရာသီဥတုဖောက်ပြန်ခြင်း၊ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်းများ ကျရောက်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြေပြိုခြင်း စသည့်မမျှော်မှန်းနိုင်သော သဘာဝဘေးဆိုးအန္တရာယ်များကို ရင်ဆိုင်နေကြရပါကြောင်း၊ ရာသီတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ပြသနာများကို ဖြေရှင်းရန် နည်းလမ်းအမျိုးမျိုးရှိသည့်အနက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် အရိုးရှင်းဆုံး၊ အလွယ်ကူဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ သဘာဝနှင့်လိုက်လျောညီထွေ အဖြစ်ဆုံးလုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်း ယခုနှစ်တွင် နိုင်ငံပိုင် စိုက်ခင်းများအနေဖြင့် စီးပွားရေးစိုက်ခင်း (၂၃၀၀) ဧက၊ ဒီရေတောစိုက်ခင်း (၁၄၀၀)ဧက၊ စက်မှု ကုန်ကြမ်းစိုက်ခင်း(၂၀၀)ဧက၊ ကျေးရွာထင်းစိုက်ခင်း (၆၅၀) ဧက၊ စုစုပေါင်း (၄၅၅၀)ဧက တည်ထောင်စိုက်ပျိုးလျက်ရှိပါကြောင်း၊၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် ခရိုင်၊ မြို့နယ်အသီသီးတွင် လူထုဖြန့်ပျိုးပင်(၁,၄၈၇,၉၅၀)ပင်ကို ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့စေရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် အမျိုးသားများနှင့် ရင်ဘောင်တန်းနိုင်စွမ်းရှိသော မြန်မာအမျိုးသမီးထုတစ်ရပ်လုံးအပါအဝင် ပြည်သူတစ်ရပ်လုံး တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီးက တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်ထံသို့လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက ပုသိမ်မြို့နယ် အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ထံသို့လည်းကောင်း ပျိုးပင်များနှင့် ကော်ဖီပင်များအား ပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့နာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးတို့ကဦးဆောင်၍ သစ်ပင်များစိုက်ပျိုး ခဲ့ကြပြီး စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပုသိမ်ခရိုင်နှင့် ပုသိမ်မြို့နယ်မှ တာဝန်ရှိသူများ ထံသို့ ရိုဘက်စတာ (မြေနိမ့်ကော်ဖီ)ပင်များပေးအပ်ခဲ့ပြီး မြေခံစနစ်ကောင်းမွန်စွာ ထည့်သွင်းစိုက်ပျိုးကြရန်နှင့် ရှင်သန်ဖြစ်ထွန်းအောင်မြင်အောင် စနစ်တကျစိုက်ပျိုးကြရန်မှာကြားခဲ့ သည်။
ဧရာဝတီတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝတ်မှုန်ဝန်ထမ်းအိမ်ရာတွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ရတနာတန်းဝင်သစ်မျိုး ပျဉ်းကတိုး၊ မဟော်ဂနီပင်များ၊ ရာသီအလိုက် လှပစွာဖူးပွင့်မွှေးပျံ့သည့် ခရေ၊ ကံ့ကော်၊ ပိတောက်၊ စိန်ပန်းပင်များ၊ စားသုံးသီးပင်များ ဖြစ်သည့် အုန်း၊ ပိန္နဲ၊ မာလကာ၊ သရက်အစရှိသည့် သစ်မျိုး(၁၅)မျိုး၊ ပျိုးပင်(၅၉၈)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပုသိမ်မြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ်ပြုလုပ်သည့် ရပ်ရွာအခြေပြုငှက်ပျောလျှော်ဖြင့် လူသုံးကုန်ပစ္စည်း ပြုလုပ် နည်းသင်တန်းသို့သွားရောက်၍ ငှက်ပျောလျှော်ဖြင့်ပြုလုပ်သည့် လူသုံးကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)