ပုသိမ် ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်လှကျောင်းတိုက်တွင် (၃၆)ကြိမ်မြောက် ပဋ္ဌာန်းအောင်ပွဲနှင့် ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဝါယမ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်၏ သက်တော် (၅၇)နှစ်ပြည့် ဝိဇာတမွေးနေ့ ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက် ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့်ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်အရှင်သူများက ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များကို ဆက်လက်နာယူကြည်ညိုခဲ့ကြ သည်။ ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ကန်လှကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တဝါယမ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားများနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီးနောက် “ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်း ဖြိုးခဲ့သည်။ ယင်းနောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကနေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)