မုံရွာ ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း စိန်တလုံးသရက်ပင်များ စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် အဆိုပါရုံးဝန်းအတွင်း ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးထံ စိန်တလုံးသရက်ပင်အားလည်းကောင်း၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌထံ စိန်တလုံးသရက်ပင်အားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်မှ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံ စိန်တလုံးသရက်ပင်အားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးထံ စိန်တလုံးသရက်ပင်အားလည်းကောင်း အသီးသီးပေးအပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူးများက သက်မှတ်နေရာများတွင် စိန်တလုံးသရက်ပင်များအား တပျော်တပါးစိုက်ပျိုးပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး တိုင်းဒေသကြီးအစိုးရဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာဝန်းအတွင်း ကိုင်းကူးစိန်တလုံးသရက် ၂၇၀ ပင်အား စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)