စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

မုံရွာ ဇွန် ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျောက်မီးသွေးတူးဖော်လုပ်ကိုင်လျက်ရှိသည့် ကုမ္ပဏီများလျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ကလေးဝ၊ မော်လိုက်၊ တမူးမြို့နယ်များတွင် ကျောက်မီးသွေးတူးဖော်ခြင်းလုပ်ငန်းများ လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များအနေဖြင့် သက်မှတ်ကာလအတွင်း ထုတ်လုပ်ရမည့် လျာထားချက်အပြည့် ထုတ်လုပ်ရေးနှင့် ထုတ်လုပ်ပြီးကျောက်မီးသွေးများအားလုံး သယ်ယူနိုင်ရေးအတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျောက်မီးသွေးတူးဖော် ထုတ်လုပ်ပြီးစီးခဲ့သည့် မြေနေရာများအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြီးမြန်သစ်ပင်များ ပြန်လည်စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များအား ယခုအစည်းအဝေးတွင် ပွင်းပွင်းလင်းလင်း ဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက မိမိတို့ဌာနအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ Video Conferencing စနစ်ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသော ကျောင်းမီးသွေးလုပ်ငန်းရှင်များနှင့်တာဝန်ခံများက မိမိတို့လုပ်ငန်းများ၏ ကျောက်မီးသွေးထုတ်လုပ်နေမှု၊ သယ်ယူရေးဆောင်ရွက်နေမှုနှင့် သက်မှတ်လျာထားချက်ပြည့်မီအောင် ထုတ်လုပ်သယ်ယူမည့်အခြေအနေများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးကူညီပေးရန်လိုအပ်မှုများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ကျောက်မီးသွေးတူးဖော် လုပ်ကိုင်လျက်ရှိသည့်ကုမ္ပဏီများ လျာထားချက်အပြည့် ထုတ်လုပ်ရေး/သယ်ယူရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)