ချောက် ဇွန် ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် သစ်တောသစ်ပင်များဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဒေသတွင်း အပူချိန် လျော့ကျလာစေရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက အမှတ် (၁၅) ရပ်ကွက် ချင်တောင်မတောင်၌ ချင်တောင်မ တောင်ဆရာတော် အမှူးထား၍ ရန်ကုန်မြို့ ရာသက်ပန်ကုမ္ပဏီမှ သစ်ပင်(၅၀၀၀)ပင် ပေးအပ်လှူဒါန်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ အဖွဲ့ဝင်(၂) ဦးအေးမင်းထွန်း၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး မျိုးမင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်၊ အဖွဲ့ဝင်(၂) ဦးခင်မောင်သန်း၊ သရုပ်ဆောင်နေထူးနိုင်တို့က သစ်ပင်စိုက်ပျိုးပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သရုပ်ဆောင်နေထူးနိုင်နှင့် အနုပညာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာဆရာမကျောင်းသားကျောင်းသူများ၊ အမှတ်(၁၅) ရပ်ကွက်နေ ပြည်သူများက သတ်မှတ်နေရာများ၌ စိန်ပန်း (၅၀၀)ပင်၊ ပိတောက် (၅၀၀)ပင်၊ ငုဝါ (၅၀၀)ပင်၊ သပြေဘူတ (၅၀၀)ပင်၊ သပြေ(၅၀၀)ပင်၊ ခရေ(၅၀၀)ပင်၊ ကုက္ကို(၅၀၀)ပင်၊ ကံကော်(၅၀၀)ပင်၊ မန်ကျည်း (၅၀၀)ပင်၊ တမာ (၅၀၀)ပင် စုစုပေါင်း ပျိုးပင် (၅၀၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် သစ်ပင်စိုက်ပျိုးပွဲတက်ရောက်လာသူများအား ချောက်မြို့ အမှတ် (၁၁) ရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ စတုဒိသာအဖြစ် ထမင်းဟင်းများကို ရန်ကုန်မြို့၊ ရာသက်ပန်ကုမ္ပဏီမှ ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)