ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ နွေနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့

ပွင့်ဖြူ ဇွန် ၂၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေနှမ်းစိုက်ခင်းများတွင် မိုးသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် စတင်ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

"ကျွန်တော်တို့ ဒေသမှာ မဲဇလီရေလွှဲဆည်ရေနဲ့ စိုက်ပျိုးထားရှိတဲ့ နွေနှမ်းစိုက်ခင်းတွေကို တောင်သူတွေက မိုးသီးနှံပြန်လည်စိုက်ပျိုးနိုင်ရန် စတင်ရိတ်သိမ်းနေကြတယ်။ စိုက်ပျိုးရေကလဲ အလုံအလောက်ရရှိလို့ နွေနှမ်းစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုလဲကောင်းကြတယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် နွေနှမ်းစိုက်ခင်းတွေ ရိတ်သိမ်းခါနီးအချိန်မှာ မိုခါမုန်တိုင်းမိုးကြောင့် နှမ်းစိုက်ခင်း‌တွေအချို့ ရေဝင်နစ်မြုပ်ဒဏ်ခံခဲ့ကြရတယ်။ ယခုနှစ်တော့ သဘာဝဘေးဒဏ်လဲ ကင်းလွတ်တော့ နှမ်းစိုက်တောင်သူတွေ အဆင်ပြေတာပေါ့ဗျာ။ ခုဆိုရင် တောင်သူတွေက နွေနှမ်းစိုက်ခင်းတွေမှာ မိုးစပါးနှင့် အခြားမိုးသီးနှံအချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နေ့စားအလုပ်သမားတွေကို ငှားရမ်းပြီး လှိုင်လှိုင်ရိတ်သိမ်းနေကြပြီဖြစ်ပါတယ်။ သီးနှံအထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ပျမ်းမျှ (၁၅)တင်းလောက်တော့ ထွက်ရှိပါတယ်။ ကျွန်တော်တို့ ဒေသကတောင်သူတွေဟာ ဒေသတွင်း စားသုံးဆီဖူလုံစေရေးအထောက်အကူပြုစေရန် ရည်ရွယ်ပြီးတော့ နွေသီးနှံစိုက်ပျိုးရာသီမှာ နှစ်စဉ်မဲဇလီရေလွှဲဆည်ရေနဲ့ နွေနှမ်းကို အဓိကထားစိုက်ပျိုးကြပါတယ်"ဟု ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၄ - ၂၀၂၅ ခုနှစ်၊ နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်းစိုက်ဧက ၃၇၃၄၈ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှု ၄၇၄၅၂ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။ ယခုအခါ ဒေသခံတောင်သူများက မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် နွေနှမ်းစိုက်ခင်းများကို ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး သီးနှံအထွက်နှုန်းများ လျော့နည်းမှုမဖြစ်စေရေးအတွက် လိုအပ်သည့်သီးနှံအချိန်မီ ရိတ်သိမ်းခြွေလှေ့နည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက တောင်သူပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး